Skip to main content

မြန်မာဘာသာ — Burmese

မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ အကြောင်း

မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါမှာ ဦးနှောက်အားထိခိုက်စေသည့် မူမမှန်မှုရောဂါလက္ခဏာစုကြောင့် စုပေါင်းထားသည့် လက္ခဏာများကို ရည်ညွှန်းပါသည်။ မှတ်ဉာဏ်ချွတ်ယွင်းမှုမှာ အသက်ကြီးရင့်လာခြင်း၏ ဖြစ်လေ့ရှိသော ပုံမှန်ကိစ္စရပ် မဟုတ်ပါ၊ ၎င်းမှာ သီးသီးခြားခြား ရောဂါတစ်ခုလည်း မဟုတ်ပါ။ တစ်နည်းအားဖြင့် ၎င်းမှာ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ချက်တစ်ခုဖြစ်ပြီး လူများအပေါ်၌ ရောဂါလက္ခဏာ အမျိုးမျိုးဖြင့် သက်ရောက်မှု ရှိပါသည်။ ၎င်းရောဂါလက္ခဏာများမှာ သူငယ်ပြန်ရောဂါ (Alzheimer’s disease) ၊ ဦးနှောက်သို့ သွေးလည်ပတ်မှု နည်းပါးခြင်းကြောင့်ဖြစ်သည့် မှတ်ဉာဏ်ချွတ်ယွင်းမှု (Vascular dementia) ၊ ဦးနှောက်တွင်း အာရုံခံဆဲလ်များကြောင့်ဖြစ်သည့် မှတ်ဉာဏ်ချွတ်ယွင်းမှု (Lewy body dementia) ၊ နှင့် ထိုထက်ပိုသော ရောဂါလက္ခဏာများဖြစ်ကြသည်။

မှတ်ဉာဏ်ချွတ်ယွင်းမှု၏သက်ရောက်မှုမှာ လူတစ်ဦးနှင့်တစ်ဦးအပေါ် မတူကွဲပြားသည်၊ သို့သော် ယေဘုယျအားဖြင့်ပြောရလျှင် မှတ်ဉာဏ်ချွတ်ယွင်းမှုသည် သင်၏ စိတ်ခံစားမှု၊ မှတ်ဉာဏ်၊ တွေးခေါ်ပုံနှင့် အပြုအမူကို သက်ရောက်မှုရှိသည်။

မှတ်ဉာဏ်ချွတ်ယွင်းမှုသည် မည်သူမဆိုသို့ ဖြစ်ပွားနိုင်သော်လည်း အသက် ၆၅ နှစ်ကျော်ပြီးနောက် ပို၍ဖြစ်လေ့ရှိပါသည်။

သြစတြေးလျနိုင်ငံ၌ လူပေါင်း လေးသိန်းနှစ်သောင်းတစ်ထောင် (၄၂၁,၀၀၀) ကျော်တို့သည် မှတ်ဉာဏ်ချွတ်ယွင်းမှုဖြင့် နေထိုင်နေကြပါသည်။ ၎င်းရောဂါသည် အမျိုးသမီး သေဆုံးမှု၏ အဓိက အကြောင်းရင်း ဖြစ်ပြီး သေဆုံးမှုအားလုံး၏ ဒုတိယ အဓိက အကြောင်းရင်းဖြစ်ပါသည်။

မှတ်ဉာဏ်ချွတ်ယွင်းမှု ဖြစ်ပွားလာခြင်း၏ အန္တရာယ်ကို လျော့ချပေးစေရန် သင် လုပ်နိုင်သည့်အရာများ ရှိသည်။

မှတ်ဉာဏ်ချွတ်ယွင်းမှုကို ပျောက်အောင်ကုသနည်း လက်ရှိ၌ မသိရသေးပါ၊ သို့သော် ရောဂါလက္ခဏာ အများအပြားကို ထိန်းသိမ်းပေးနိုင်သည့် ကုသမှုများရှိပါသည်။ မှတ်ဉာဏ်ချွတ်ယွင်းမှုရှိသည့် အချို့လူများသည် ရောဂါဖော်ထုတ်ခံရပြီးနောက် နှစ်ပေါင်းများစွာ လူ့ဘဝကို သွက်သွက်လက်လက် အောင်အောင်မြင်မြင် နေထိုင်ကြပါသည်။

ကမ္ဘာအနှံ့ သုတေသနပြုသူများသည် မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ ကုသနည်းအသစ်နှင့်ပတ်သက်၍ သုတေသနလုပ်နေလျက်ရှိပါသည်။

မှတ်ဉာဏ်ချွတ်ယွင်းမှု ဖြစ်ရခြင်းအကြောင်းရင်းများ

မှတ်ဉာဏ်ချွတ်ယွင်းမှုသည် မည်သူမဆိုသို့ ဖြစ်ပွားနိုင်သော်လည်း အသက် ၆၅ နှစ်ကျော်ပြီးနောက် ပို၍ဖြစ်လေ့ရှိပါသည်။

ရောဂါလက္ခဏာအမျိုးမျိုးတို့သည် မှတ်ဉာဏ်ချွတ်ယွင်းမှုကို ဖြစ်ပွားစေနိုင်သည်။ မှတ်ဉာဏ်ချွတ်ယွင်းမှုဖြင့် ရောဂါဖော်ထုတ်ခံရသူ အမြောက်အမြားအဖို့ အကြောင်းရင်း အတိအကျ မသိရှိကြပါ။

မှတ်ဉာဏ်ချွတ်ယွင်းမှုသည် မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သည် သို့သော်လည်း ဤကိစ္စမှာ အလွန်ဖြစ်ခဲပါသည်။ သင့်အပေါ် ကျရောက်မည့် အန္တရာယ်မှာ မှတ်ဉာဏ်ချွတ်ယွင်းမှု ဖြစ်ရခြင်း၏ အကြောင်းရင်းအပေါ် မူတည်ပါသည်။ မှတ်ဉာဏ်ချွတ်ယွင်းမှုရှိသူများ၏ သုံးပုံတစ်ပုံတွင် မှတ်ဉာဏ်ချွတ်ယွင်းမှုဖြင့် ရောဂါဖော်ထုတ်ခံရသည့် ဆွေမျိုးအရင်းအခြာ (မိဘ သို့မဟုတ် မွေးချင်းညီအစ်ကို) တစ်ဦးရှိကြပါသည်။ သို့သော်ငြားလည်း ရောဂါရှိသူအများအပြားတွင် မိသားစုရာဇဝင်မရှိဘဲ ရောဂါဖြစ်ပွားကြသည်။

မှတ်ဉာဏ်ချွတ်ယွင်းမှု၏ သင်္ကေတများနှင့် ရောဂါလက္ခဏာများ

မှတ်ဉာဏ်ချွတ်ယွင်းမှုမှာ အမျိုးမျိုးသော လက္ခဏာများကြောင့် ဖြစ်ပွားနိုင်သဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီ၏ မှတ်ဉာဏ်ချွတ်ယွင်းမှု တွေ့ကြုံမှုမှာ တစ်မူထူးခြားပါသည်။

သို့သော်လည်း အကျယ်တဝင့်ပြောရလျှင် မှတ်ဉာဏ်ချွတ်ယွင်းမှုသည် သင်၏ အောက်ဖော်ပြပါ အခြေအနေကို ထိခိုက်နိုင်သည်-

မှတ်ဉာဏ်

သင့်အနေဖြင့် လတ်တလော အဖြစ်အပျက်များ၊ အရာများနှင့် လူများ၏ နာမည်များကို မှတ်မိရန် ပိုခက်ခဲနိုင်သည်။ မှတ်သားစရာအသစ်များကို မှတ်သားရန်လည်း ပိုခက်ခဲနိုင်သည်။

တွေးခေါ်ခြင်း

သင်သည် ပိုမို၍ စိတ်ရှုပ်ထွေးလာနိုင်သည်၊ အာရုံစိုက်ရခြင်း၊ အစီအစဥ်ပြုလုပ်ရခြင်းနှင့် အခက်ခဲဖြေရှင်းခြင်း တို့တွင် ခက်ခဲမည်၊ နေ့စဥ်တဒူဝ လုပ်စရာများကို လုပ်ရန်ရုန်းကန်နေရမည်၊ စကားလုံး အတိအကျ သို့မဟုတ် မိမိကိုယ်တိုင် ဖော်ထုတ်ပြောဆိုရန် စဥ်းစားရာ၌ ခက်ခဲကြောင်း တွေ့ရမည် ထို့ပြင် အကွာအဝေး၊ ဦးတည်ရာဖက်များနှင့် အချိန်ကို ခန့်မှန်းတွက်ဆရန် ခက်ခဲကြောင်း တွေ့ရှိလာမည်ဖြစ်ပါသည်။

စိတ်ခံစားမှု

သင့်အနေဖြင့် စိတ်ထက်သန်မှုနှင့် လူမှုရေးကိစ္စ၌ မိမိကိုယ်တိုင် ခံစားမှုနည်းပါးလာကြောင်း တွေ့ရှိမည်၊ စိတ်ကျရောဂါ၊ စိတ်သောကရောက်မှုနှင့် စိတ်ကသိကအောက်ဖြစ်မှု မိမိကိုယ်တိုင် ပိုမိုဖြစ်လာမည် သို့မဟုတ် ထိုမှမဟုတ်လျှင် မိမိကိုယ်တိုင် မဟုတ်သလို ခံစားရကြောင်း တွေ့ရှိမည်။

အပြုအမူ

သင်သည် သင်၏ကိုယ်ပိုင် အမူအကျင့် မဟုတ်သည့် အရာများကို စတင်ပြောဆိုခြင်း သို့မဟုတ် ပြုလုပ်ခြင်းတို့ကို စလုပ်လာနိုင်သည်။ သင့်အနေဖြင့် ဂနာမငြိမ်ဖြစ်ပြီး လျှောက်သွားနေနိုင်သည်၊ ထို့ပြင် ပို၍အိပ်ရေးပျက်လာရနိုင်သည်။

မှတ်ဉာဏ်ချွတ်ယွင်းမှု အမျိုးအစားများ

အဖြစ်အများဆုံး မှတ်ဉာဏ်ချွတ်ယွင်းမှု ပုံစံများအနက် အချို့မှာ-

  • သူငယ်ပြန်ရောဂါ (Alzheimer’s disease)
  • ဦးနှောက်သို့ သွေးလည်ပတ်မှု နည်းပါးခြင်းကြောင့်ဖြစ်သည့် မှတ်ဉာဏ်ချွတ်ယွင်းမှု (Vascular dementia)
  • ဦးနှောက်တွင်း အာရုံခံဆဲလ်များကြောင့်ဖြစ်သည့် မှတ်ဉာဏ်ချွတ်ယွင်းမှု (Lewy body dementia)
  • အသက် ၆၅ နှစ်အောက် အရွယ်ဖြစ်တတ်သော မှတ်ဉာဏ်ချွတ်ယွင်းမှု (Younger onset dementia)
  • ဦးနှောက်အရှေ့ဖက်အခန်းယိုယွင်းမှုကြောင့်ဖြစ်တတ်သော မှတ်ဉာဏ်ချွတ်ယွင်းမှု (Frontotemporal dementia)
  • အရက်နှင့်စပ်လျဥ်း၍ ဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်တတ်သော မှတ်ဉာဏ်ချွတ်ယွင်းမှု (Alcohol-related brain injury)
  • အိတ်ချ်အိုင်ဗီနှင့်ဆက်စပ်သည့် မှတ်ဉာဏ်ချွတ်ယွင်းမှု (HIV-associated dementia)
  • ဦးခေါင်းထိခိုက်ဒဏ်ရာအကြိမ်ကြိမ်ကြောင့် ဖြစ်တတ်သည့် မှတ်ဉာဏ်ချွတ်ယွင်းမှု (Chronic traumatic encephalopathy (CTE) dementia)

မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ ဖော်ထုတ်ခြင်း

သင့်တွင် မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ ရှိသည် သို့မဟုတ် မရှိသည်ကို ဖော်ထုတ်ပေးနိုင်သည့် စစ်ဆေးမှု တစ်ခုတည်းဟူ၍ မရှိပါ။

တစ်နည်းအားဖြင့် ဆရာဝန်သည် စစ်ဆေးမှုအမျိုးအစား အမျိုးမျိုးကို စစ်ဆေးပါမည်။ ဤစစ်ဆေးမှုများ၏ အဖြေများဖြင့် အချို့ရောဂါများကို ဖော်ထုတ်ရန် ဆရာဝန်များကို အထောက်အကူပြုပါမည်၊ ထို့ပြင် သင်၏ ပြောင်းလဲချက်များကို ဖြစ်စေသည့်အကြောင်းရင်းများကို သိရှိချိန်ဆရန် နီးစပ်စေပါသည်။

အကယ်၍ ၎င်းမှာ ပြင်းပြင်းထန်ထန် တစ်စုံတစ်ခု မဟုတ်ပါက သင် စိတ်ချလက်ချ နေနိုင်သည်။

အကယ်၍ မှတ်ဉာဏ်ချွတ်ယွင်းမှု မဟုတ်ပဲ အခြားရောဂါဖြစ်ပါက သင် စတင်ကုသမှုခံယူနိုင်သည်။

အကယ်၍ မှတ်ဉာဏ်ချွတ်ယွင်းမှုဖြင့် သင် ရောဂါဖော်ထုတ်ခံရပါက စောစောသိရှိလေ၊ သင် များများလုပ်နိုင်လေ ဖြစ်ပါသည်။

မှတ်ဉာဏ်ချွတ်ယွင်းမှု တိုးမြှင့်ဆိုးဝါးလာခြင်း

လူတစ်ဦးချင်းစီသည် မှတ်ဉာဏ်ချွတ်ယွင်းမှုကို ကွဲပြားခြားနားစွာ ကြုံတွေ့ရသောကြောင့် သင့်လက္ခဏာများ ပြောင်းလဲသောနည်းလမ်းမှာ သင့်အဖို့ တစ်မူထူးခြားပါသည်။ သင့်အတွက် ကောင်းသောနေ့များရှိသလို ခက်ခဲသောနေ့များလည်း ရှိနိုင်ပါမည်။

သို့သော် မှတ်ဉာဏ်ချွတ်ယွင်းမှုသည် အဆင့်ဆင့် ဖြည်းဖြည်းဆိုးဝါးလာသည့် အခြေအနေဖြစ်ပါသည်။ ဆိုလိုသည်မှာ သင့်ရောဂါလက္ခဏာများမှာ အချိန်ကြာလာသည်နှင့်အမျှ ပြင်းထန်လာမည်ဟုဆိုလိုသည်။ ၎င်းသည် အလျင်အမြန် ဖြစ်လာနိုင်သည် သို့မဟုတ် နှစ်ပေါင်းအလွန်ကြာမှ ဖြစ်လာနိုင်သည်။

မှတ်ဉာဏ်ချွတ်ယွင်းမှုကို အဆင့် သုံးဆင့်ရှိသည်ဟု သင် မှတ်ယူနိုင်သည်။

မှတ်ဉာဏ်ချွတ်ယွင်းမှု အစောပိုင်း အဆင့်

မှတ်ဉာဏ်ချွတ်ယွင်းမှု အပျော့စားတွင် သို့မဟုတ် အစောပိုင်းအဆင့်တွင် သင်၏တွေးခေါ်မှုနှင့် မှတ်ဉာဏ်တွင် ပြောင်းလဲမှုအချို့ကို သင်တွေ့ရှိရနိုင်သည်။

သင့်အနေဖြင့် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ထပ်ခါထပ်ခါ ပြောနေနိုင်သည်၊ စကားလုံးများ ရောထွေးနေနိုင်သည် သို့မဟုတ် အရာများကို လုပ်နေကျထက် မှားယွင်းသိမ်းဆည်းထားနိုင်သည်။

သင် လူမှုရေးရာကိစ္စများ၌ ပိုမိုအခက်အခဲတွေ့နိုင်သည် သို့မဟုတ် စိတ်ထက်သန်မှု လျှော့နည်းလာနိုင်သည်။

သို့သော် မှတ်ဉာဏ်ချွတ်ယွင်းမှု အစောပိုင်းအဆင့်ရှိသူအများစုသည် ၎င်းတို့ကိုယ်တိုင် ရပ်တည်နေနိုင်ကြသည်။ အမှန်စင်စစ် ဤအဆင့်ရှိ လူအများအပြားကို မှတ်ဉာဏ်ချွတ်ယွင်းမှုဖြင့် ရောဂါမဖော်ထုတ်ကြပါ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ပြောင်းလဲမှုများမှာ စစ်ဆေးမှုခံယူလောက်သည်အထိ မစိုးရိမ်ရသောကြောင့် ဖြစ်သည်။

မှတ်ဉာဏ်ချွတ်ယွင်းမှု အလယ်အလတ်အဆင့်

မှတ်ဉာဏ်ချွတ်ယွင်းမှု အတော်အတန်အဆင့် သို့မဟုတ် အလယ်အလတ်အဆင့်၌ သင်၏ စိတ်ခံစားမှု၊ တွေးခေါ်မှုနှင့် အပြုအမူအပေါ် ပြောင်းလဲချက်များမှာ ပိုမိုပြင်းထန်လာသည်။ ၎င်းတို့သည် နေ့စဥ်လုပ်စရာများနှင့် သင်ကိုယ်တိုင်ကို ဂရုစိုက်ပြုစုရန် သင်၏စွမ်းရည်အပေါ် ကြီးကြီးကျယ်ကျယ် သက်ရောက်မှုရှိသည်။

သင့်တွင် စိတ်အာရုံစိုက်ခြင်း၊ နားလည်မှုရှိခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် ပြောဆိုဆက်သွယ်ခြင်းတို့တွင် အခက်အခဲ ပိုရှိလာနိုင်သည်။

သင့်အနေဖြင့် မည်သို့အဝတ်အစား ဝတ်ရမည် သို့မဟုတ် မည်သို့ရေချိုးရမည်ကို မေ့လာနိုင်သည် သို့မဟုတ် မိသားစုနှင့် မိတ်ဆွေများကို မှတ်မိရန် မေ့လာနိုင်သည်။

သင့်အနေဖြင့် စိတ်ရှုပ်ထွေးခြင်း၊ စိတ်သောကရောက်ခြင်း၊ စိတ်ခံစားချက်ပြောင်းခြင်းနှင့် စိတ်တိုဒေါသထွက်ခြင်းတို့ကို ခံစားရလာနိုင်သည်။

ဤပိုမိုပြင်းထန်သည့် ပြောင်းလဲချက်များက ဆိုလိုသည်မှာ အိမ်နှင့် လူမှုအသိုက်အဝန်းအတွင်း အခြားသူများထံမှ အကူအညီလိုအပ်နိုင်ဖွယ်ရှိလိမ့်မည်။

မှတ်ဉာဏ်ချွတ်ယွင်းမှု နောက်ဆုံးအဆင့်

မှတ်ဉာဏ်ချွတ်ယွင်းမှု ဆိုးဝါးသည့်အဆင့်တွင် သို့မဟုတ် နောက်ဆုံးအဆင့်တွင် သင်၏ရောဂါလက္ခဏာများမှာ အလွန်ပြင်းထန်လာပါမည်။ သင့်အနေဖြင့် စကားပြောဆိုဆက်သွယ်နိုင်မည် မဟုတ်ပါ၊ လမ်းလျှောက်နိုင်မည် မဟုတ်ပါ၊ သင်၏ ခန္ဓာကိုယ် လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်မည် မဟုတ်ပါ သို့မဟုတ် သင်၏တစ်ကိုယ်ရေ သန့်စင်ရေးကို ဂရုစိုက်နိုင်မည် မဟုတ်ပါ။ သင် လူများ သို့မဟုတ် နေရာများကို မမှတ်မိနိုင်သည့်အပြင် မှတ်သားစရာ အသစ်များကို မှတ်သားနိုင်မည် မဟုတ်ပါ။

ဤအဆင့်၌ သင် တစ်စိုက်မတ်မတ် ကြီးကြပ်မှုနှင့် စောင့်ရှောက်မှု လိုအပ်ပါလိမ့်မည်။ သင် သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွင် နေထိုင်ရန် လိုအပ်နိုင်သည်၊ ၎င်းဂေဟာတွင် သင်လိုအပ်မည်ဖြစ်သည့် တတ်ကျွမ်းသူ၏ စောင့်ရှောက်မှုကို ရနိုင်ပါသည်။

မှတ်ဉာဏ်ချွတ်ယွင်းမှု စောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲရေး

ယခုအခါ မှတ်ဉာဏ်ချွတ်ယွင်းမှုအတွက် ပျောက်အောင်ကုသမှု မရှိသေးပါ။

သို့သော်ငြားလည်း ဤရောဂါဖြင့် သင်နေထိုင်နေစဥ် ဖြစ်နိုင်သမျှ လူ့ဘဝ အရည်အသွေး အကောင်းဆုံးရရှိစေရန် အထောက်အကူပြုမည့် စောင့်ရှောက်ပေးမည့် ဝန်ဆောင်မှုများနှင့် ပံ့ပိုးပေးမည့် ဝန်ဆောင်မှုများရှိပါသည်။

သင့်အနေဖြင့် အကောင်းဆုံး ဘဝဖြင့် နေထိုင်နိုင်မည့် သင်နှင့် သင်၏ရင်းနှီးသူများက လုပ်နိုင်သည့် အရာများလည်း ရှိပါသည်။

  • မှတ်ဉာဏ်ချွတ်ယွင်းမှု စောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲရေး
  • မှတ်ဉာဏ်ချွတ်ယွင်းမှုဖြင့် နေထိုင်ခြင်း

ပံ့ပိုးမှု

အခမဲ့နှင့် လျှို့ဝှက်ဆောင်ရွက်ပေးသည့် နိုင်ငံလုံးဆိုင်ရာ မှတ်ဉာဏ်ချွတ်ယွင်းမှု အကူအညီဖုန်းလိုင်း (National Dementia Helpline) သည် ကျွမ်းကျင်သူ သတင်းအချက်အလက်၊ အကြံပြုချက်နှင့် ပံ့ပိုးမှုကို တစ်ရက် ၂၄ နာရီ၊ တစ်ပတ် ၇ ရက်၊ တစ်နှစ် ၃၆၅ ရက် ဆောင်ရွက်ပေးပါသည်။ မည်သည့် အခက်အခဲမျှ အလွန် ကြီးမားသည် မဟုတ်သလို မည်သည့် မေးခွန်းမျှ အလွန် သေးနှုတ်သည် မဟုတ်ပါ။

အကူအညီဖုန်းလိုင်းကို ၁၈၀၀ ၁၀၀ ၅၀၀ ဖြင့်ဆက်သွယ်ပါ helpline@dementia.org.au သို့မဟုတ် ဝက်ဘ်ဆိုက်တွင်ကြည့်ပါ dementia.org.au/helpline.

Share or print
Last updated
17 April 2024